"တိမ်ပြိုတဲ့ည"
Опубликовано 26.12.2011
minthu1981
- လရောင်ထိန်ထိန်အောက်မှာ
ချစ်သူရဲ့ အနမ်းကို ယစ်မူးရင်း
ကြယ်ကလေးတွေရဲ့ ငိုရှိုက်သံကို
ငါမေ့နေတယ်...။
- မာကျူရီမီး ထိန်ထိန်အောက်မှာ
ရှန်ပိန်တစ်ခွက် သောက်ရင်း
ဖိုးလမင်းရဲ့ အောင်သွယ်ကဏ္ဍကို
ငါမေ့နေတယ်...။
- နွေဂိမာန်ရဲ့ မာနကြီးမှုကို
ရေခဲစိမ်ကော်ဖီတစ်ခွက်နဲ့ အံတုရင်း
ချစ်သူရဲ့ အေးမြတဲ့မျက်ဝန်းတစ်စုံကို
ငါမေ့နေတယ်...။
- ငါ့နှလုံးသား သမုဒ္ဒရာမှာ
ပင်လယ်အော်သံတွေ ပဲ့တင်ထပ်ရင်း
ချောင်းငယ်ကလေးရဲ့ ငိုကြွေးသံကို
ငါမေ့နေတယ်...။
- ငါ့ကမ္ဘာမှာ
ငါ့အိပ်မက်တွေ
အရောင်တင်ဖို့ကြိုးစားရင်း
တိမ်တစ်ဆုပ်ပြိုကျသွားခဲ့တယ်...။
- အဲဒီညမှာပဲ
ငါ့ကမ္ဘာဟာလည်း
ငါ့ကို နှုတ်ဆက်ရင်း
အပြီးတိုင် ဆိတ်သုဉ်းသွားခဲ့တယ်...။
လျှံဇွဲကို(စီးပွားရေးတက္ကသိုလ်)
မှတ်ချက်။ ။ ကျွန်တော့် ဘလော့များကို ကူးယူဖော်ပြမည်ဆိုပါက ကျွန်တော့်ရဲ့ ကလောင်နာမည် လျှံဇွဲကို(စီးပွားရေးတက္ကသိုလ်)ကို ဖော်ပြပေးခြင်းဖြင့် ကျွန်တော်တို့ မိတ်ဆွေဖွဲ့ရအောင်...။